အောင်လေး ၊ Salween Press
ဒီဇင်ဘာလ ၂၂ ရက်၊၂၀၂၄။
ကော့ကရိတ် အာရှလမ်းပိုင်းတွင် စစ်ကောင်စီဘက်မှထိုးစစ်ဆင်မှုနည်းမျိုးစုံဖြင့် ကြိုးစားလုပ်ဆောင်နေပြီး တပ်ဖွဲ့၀င်တချို့မှာ ဆေးကြောင်ပြီး ဘာမှမကြောက်ဘဲချီတက်လာကြသည်ဟု နယ်မြေခံစစ်ရေး သတင်းရင်းမြစ်ထံမှသိရှိရသည်။
စစ်ကောင်စီဘက်ကနေ အာရှလမ်းပိုင်းသို့ ထိုးစစ်ဆင်လာမှုနည်းမျိုးစုံတွေ့ရှိရပြီး မူးယစ်ဆေးဝါးများ အသုံးပြုကာ ဆေးကြောင်ပြီးလူမိုက်ဆန်ဆန် ဓါးဖြင့်တက်ထိုးတာနှင့် လက်ပစ်ဗုံးများကိုင်ပြီး နေ့ခင်းဘက် တွင်တက်လာကိုတွေ့ရှိရတယ်လို့ မျက်မြင်သတင်းရင်းမြစ်ကဆိုပါတယ်။
အာရှလမ်းတွင် ထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ်သားများသည် ကြောက်စိတ်မရှိအောင် မူးယစ်ဆေး၀ါးသုံးစွဲမှုရှိနေတာကို တော်လှန်ရေးတပ်ဖွဲ့ထံတွင် လက်နက်ချကူးပြောင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များကလည်း ပြောဆိုခဲ့ဖူးသည်။
အာရှလမ်းပိုင်းတွင် တိုက်ပွဲများ နေ့စဉ် နေ့ရောညပါတိုက်ပွဲများဆက်လက်ပြင်းထန်လာသလို စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးဖိပြီးပစ်ခတ်တာလည်းရှိနေသည် အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။
မြဝတီလမ်းဟောင်းဘက်သို့ ၉၇တပ်မှ လက်နက်ကြီးပစ်ခတ်မှုရှိပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဒရုန်းဖြင့်အပြန်အလှန်တိုက်ခိုက်မှုများလည်းရှိနေတယ်လို့ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဘက်မှမြဝတီသို့ထိုးစစ်ဆင်နိုင်ရန် စစ်ကူနှင့်လက်နက်ခဲယမ်းများကြိုးစား ပို့ဆောင်လျှက်ရှိနေပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဘားအံမှလာသောစစ်ကောင်စီ ၆ဘီးကား၄စီးသည် အင်အား ၁၅၀ဦးခန့်ပါရှိပြီးနေ့လယ်၁၂နာရီအချိန်တွင် ကျုံဒိုးမှကော့ကရိတ်ဘက်ကို ဆက်တက်ရန် ၅၄၅ တပ်တွင်းသို့ရောက်နေသည်ဟုသိရသည်။
အဆိုပါစစ်ကူများသည် ၅၄၅ တပ်တွင်းမှာရှိသည့်ခဲယမ်းများတင်ဆောင်ထားသည့် ကား၂စီးနှင့်အတူ ကော့ကရိတ်ဘက်သို့ဆက်တက်သွားသည်ဟုသတင်းရင်းမြစ်ကဆိုပါတယ်။
ကျုံဒိုး၅၄၅တပ်မှမြို့ပတ်လည်ရွာလမ်းများ ကင်းထောက်ဒရုန်းများပိုမိုအသုံးများလာသလို ကျုံပိုင်း၊ ကော့ဒိုင်၊ ကော့တချိန်၊ ကြာအင်းစုဘက်တွင်လည်း ညနေ၅နာရီမှနံနက်၄နာရီအထိကင်းထောက်မှုများ ရှိနေသည်ကိုတွေ့ရသည်ဟု သတင်းရင်းမြစ်ကဆိုပါတယ်။
ဒါ့အပြင်ကော့ကရိတ်အမြောက်တပ်မှအာရှလမ်းဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များ အတွက်လက်နက်ကြီးပစ်ကူပေးမှုများရှိနေပြီး အတွဲလိုက်ပစ်မစ်ဇိုင်းများပိုမိုပစ်ခတ်လာသည် ဟုဆိုပါတယ်။ ဂျိုင်းတံတားတွင်လည်း BGFနှင့် စစ်ကောင်စီတပ်တို့ပူးပေါင်းလုံခြုံရေး ယူကာတံတားနှစ်ဘက်ပေါင်းအင်အား ၅၀ခန့်ရှိသည်ဟုဆိုပါသည်။
ပုံဟောင်းများ - စစ်ကောင်စီတပ်ဖွဲ့၀င်များ
Comments