top of page

စစ်ခေါင်းဆောင်တွေကို အမြန်ဆုံးအရေးယူနိုင်ရေး SAC-M နဲ့ NUG ဆွေးနွေး

Dec 24, 2024
1 min read

■ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာ တရားဥပဒေတွေနဲ့ အမြန်ဆုံးအရေးယူနိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ဒီဇင်ဘာ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ခေါင်းဆောင်ကို အရေးယူနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြ တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ NUG သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် က RFA ကို ပြောပါတယ်။

“နိုင်ငံတကာ တရားစီရင်ရေးကဏ္ဍမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ တရားဥပဒေအရ အရေးယူနိုင်ဖို့ ဆောင်ရွက်နေတဲ့ဟာတွေ၊ နိုင်ငံတကာခုံရုံးတွေ ICC လိုမျိုး၊ လူ့အခွင့်အရေးကို ကျူးလွန်နေတဲ့ စစ်ဗိုလ်ချုပ်တွေကို တရားစီရင်ရေးကဏ္ဍကနေ အပြစ်ပေးနိုင်ဖို့အတွက် ဘယ်လိုမြန်မြန်ဆန်ဆန်လုပ်မယ်ဆိုတဲ့ အကြံပြုချက်တွေကို ရယူနိုင်ခဲ့ပါတယ်"

ဒါ့အပြင် နိုင်ငံတကာဆက်ဆံရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M ) ဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေအတွက် မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ဖွဲ့စည်းလုပ်ဆောင်နေတဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ ကျွမ်းကျင်သူအဖွဲ့ဖြစ်ပါတယ်။

ဆွေးနွေးပွဲကို SAC-M အဖွဲ့ဝင်တွေဖြစ်တဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) ဥက္ကဋ္ဌဟောင်း မစ္စတာ Marzuki Darusman၊ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူးဟောင်း မစ္စယန်းဟီလီ၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ (FFM) အဖွဲ့ဝင်ဟောင်း မစ္စတာ Sidoti တို့ တက်ရောက်ခဲ့ကြပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ် ဖို့ ICC ရှေ့နေချုပ် ကာရင်ခန်း (Karim Khan) က ICC ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တင်ပြလျှောက်ထားခဲ့ပါတယ်။

ICC ရှေ့နေချုပ်ရဲ့ တောင်းဆိုချက်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အပါအဝင် တခြားလူ့အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့တွေက ကြိုဆိုခဲ့ကြပါတယ်။

_________

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အရာရှိများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က နေပြည်တော်တွင် တွေ့ရစဉ်။ (Photo: Myanmar Military)

 
 
 

Comments

Rated 0 out of 5 stars.
No ratings yet

Add a rating
bottom of page